《Rain On Me (KookV/Completed)》V. Virtual Jungkook
Advertisement
Unicode-
စိတ်ရောဂါအထူးကု ဆရာဝန်ကြီး၏ ရုံးခန်းထဲတွင် ထယ်ယောင်းမိဘနှစ်ပါးနှင့် ဆရာဝန်ကြီးတို့ သုံးပွင့်ဆိုင်ထိုင်နေကြသည်။ အားလုံး၏မျက်နှာတွင် စိတ်ပင်ပန်းမှုက အထင်းသားပေါ်လွင်နေသည်။
ထယ်ယောင်း အမြဲရောက်ဖြစ်နေသော ကားမှတ်တိုင်အနီးအနားမှ CCTV မှတ်တမ်းများ၊ ကော်ဖီဆိုင်မှ ဆိုင်ရှင်နှင့် ဝန်ထမ်းတို့၏ ပြောစကားများအပေါ် အခြေခံကာ အဖြေတစ်ခုကို ရှင်းရှင်းလင်းလင်း အဖြေရှာနိုင်ခဲ့ပြီမို့ ဆရာဝန်ကြီးက ဖြစ်စဥ်ကို သေချာရှင်းလင်းပြလာသည်။
" ကားမှတ်တိုင်နဲ့ အနီးအနားက CCTV မှတ်တမ်းတွေကို စစ်ဆေးကြည့်လိုက်တော့ ထယ်ယောင်း ပထမဆုံး အပြင်စထွက်တဲ့နေ့မှာ ဂျောင်ဂုဆိုတဲ့ ကောင်လေးနဲ့ အမှန်တကယ်ဆုံခဲ့တယ်။ ဒုတိယနေ့မှာလည်း သူနဲ့ဂျောင်ဂုတို့ တကယ်တိုက်မိခဲ့ကြတာ။ ဒါပေမယ့် တတိယမြောက်နေ့ကစပြီး ဂျောင်ဂုက CCTVမှာ မပါလာတော့ဘူး။ ထယ်ယောင်းတစ်ယောက်တည်း စကားတွေပြောပြီး အရာရာကို တစ်ယောက်တည်းလုပ်ခဲ့တာ။
စတုတ္တနေ့မှာဆို ထယ်ယောင်းက သူ့ဆီတစ်ယောက်ယောက် ရောက်လာသလို စကားတွေပြောနေလို့ ဘေးက ကလေးမလေးနှစ်ယောက်က သူ့ကို တအံ့တသြကြည့်နေကြတာ CCTVမှာ မြင်ရလိမ့်မယ်။ ပြီးတော့ ထီးဆောင်းပြီး မိုးရေထဲထွက်တဲ့အချိန် ဘေးမှာတစ်ယောက်ယောက် ရှိနေသလို ထီးကိုဘေးဘက် မျှဆောင်းပေးထားတာ တွေ့ရမယ်။
လက်ကလည်း တစ်ယောက်ယောက်လက်ကို ချိတ်ထားသလိုပုံစံမျိုးတွေ့ရမယ်။ ဒီကနေဆက်ပြီး ပန်းခြံထဲက CCTV တွေ ထပ်စစ်ကြည့်ရင် တစ်ယောက်တည်းစကားပြောပြီး လမ်းလျှောက်နေတဲ့ ထယ်ယောင်းကို တွေ့ရလိမ့်မယ်။ ပြီးရင် လမ်းလျှောက်တာ ခဏရပ်ပြီး တစ်စုံတစ်ယောက်ကို မျက်နှာချင်းဆိုင်သလို လုပ်လိုက်တာတွေ၊ တစ်ယောက်ယောက်က နမ်းမလိုလုပ်လိုက်လို့ မျက်နှာလွှဲလိုက်တာတွေ..။ ဒါတွေက သူစိတ်ကူးနဲ့ တစ်စုံတစ်ယောက်ကို ဖန်တီးလိုက်ပြီး ပျော်ရွှင်မှုကိုရှာဖွေခဲ့တဲ့ ထယ်ယောင်းရဲ့ စိတ်ရောဂါအစပဲ "
ဆရာဝန်ကြီးက ရှင်းပြရင်း မောလာဟန်ဖြင့် စကားကိုခဏရပ်သည်။ ထယ်ယောင်း မိဘနှစ်ပါးကတော့ အခုထိ နားမလည်သေးဟန်ဖြင့် ဆရာဝန်ကြီးစကားကို ဆက်နားစွင့်နေဆဲ။
" ဖြစ်စဥ် အစအဆုံးကို ပြန်ရှင်းပြနေရင် ခင်ဗျားတို့ ပိုခံစားရမှာစိုးလို့ ကျွန်တော် အရေးကြီးတဲ့အချက်တွေကိုပဲ ရှင်းပြသွားမယ်။ တကယ်တမ်းတော့ ထယ်ယောင်းက Schizophreniaလို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားခဲ့ရတာ။ ဒီရောဂါမျိုးက မရှိတဲ့အရာကို အရှိလို့ထင်နေတဲ့ ရောဂါတစ်မျိုးပဲ။
သူအလယ်တန်းအရွယ်တည်းက သူငယ်ချင်းတစ်ယောက်ထားတိုင်း မိဘတွေဆီက အမှုစစ်သလို အစစ်ခံရတော့ သူငယ်ချင်းထားဖို့ စိတ်မပါတော့ဘဲ တစ်သီးတစ်သန့် တစ်ယောက်တည်းနေခဲ့တယ်။
ကြာလာတော့ သူအထီးကျန်လာပြီး သူငယ်ချင်းတစ်ယောက်လောက်ဖြစ်ဖြစ် သူပြန်လိုချင်လာခဲ့လိမ့်မယ်။ ဒါပေမယ့် သူငယ်ချင်းထားလိုက်လို့ မိဘတွေဆီမှာ စစ်ကြောရေးရောက်သွားသလို မေးခွန်းတွေအမေးခံရမှာ သူကြောက်တော့ သူငယ်ချင်းထားဖို့ ဆန္ဒကို သူမရမကမြိုသိပ်ခဲ့မယ်။ တစ်ဖက်မှာလည်း အထီးကျန်တဲ့ဒဏ်ကို ခံစားနေရပြန်တော့ သူ့စိတ်က အရမ်းမွန်းကြပ်နေခဲ့မှာပဲ။
ဒီအရာတွေကနေ လွတ်မြောက်ချင်စိတ်ကြောင့် သူ့ဘဝသူ စီမံခွင့်ရဖို့ ခင်ဗျားတို့ဆီက သူထွက်ပြေးခဲ့တယ်။ ကံတရားက သူ့ဘက်မပါတော့ ကား accidentကြောင့် မိဘတွေလက်ထဲ သူပြန်ရောက်ရတယ်။ အပေါင်းအသင်း သူငယ်ချင်း လိုချင်နေတဲ့ သူ့စိတ်ကလည်း အချိန်နဲ့အမျှ ကြီးထွားလာနေတော့ သူ့ခြေထောက်တွေ ကောင်းကောင်းလမ်းလျှောက်နိုင်တာနဲ့ သူမရမက အပြင်ထွက်ခဲ့တယ်။
အဲ့ဒီမှာ ဂျောင်ဂုနဲ့စတွေ့ပြီး ဇာတ်လမ်းက စလာခဲ့တယ်။ ကားမှတ်တိုင်မှာ သူနဲ့ရွယ်တူ လူငယ်တစ်ယောက်ကို တွေ့လိုက်ရချိန် သူငယ်ချင်း အရမ်းလိုချင်ခဲ့တဲ့သူက ဒီကောင်လေးသာ သူ့သူငယ်ချင်းဖြစ်ရင် ကောင်းမယ်ဆိုတာမျိုး မသိစိတ်က တွေးမိသွားတယ်။ တိုက်တိုက်ဆိုင်ဆိုင် မိုးကလည်း ပိုသည်းလာတော့ ကားမှတ်တိုင်အမိုးအောက်ဝင်ပြီး ဂျောင်ဂုဘေးနား ဝင်ထိုင်မိမယ်။
သူ့မသိစိတ်က ဂျောင်ဂုဆိုတဲ့သူကို သူငယ်ချင်းအဖြစ် လိုလားနေခဲ့လို့ ဂျောင်ဂုကို ဘေးကနေ သူသေချာကြည့်နေခဲ့တယ်။ ဒီအချိန်မှာ အထက်တန်းကျောင်းသား ကုတ်အင်္ကျီရင်ဘတ်က နာမည်စာတန်းကို ဖတ်မိပြီး ဂျောင်ဂုနာမည်ကို သူကိုယ်တိုင်မသိလိုက်ဘဲ သူ့မှတ်ဉာဏ်ထဲ ဖမ်းယူထားလိုက်တယ်။ အခြားမှတ်ဉာဏ်တစ်ခုက တစ်ပြိုင်တည်းမှာ ဂျောင်ဂုရုပ်သွင်ကို မှတ်သားနေခဲ့တော့ ဂျောင်ဂုနာမည်စာတန်းကို သူဖတ်မိသွားတဲ့အချိန်ကို ဦးနှောက်က ခဏထိမ်ချန်ထားလိုက်တယ်။
နောက်တစ်နေ့မှာလည်း ဂျောင်ဂုကို တွေ့ချင်လွန်းလို့ သူထပ်ရောက်လာတယ်။ တကယ်လည်း ဂျောင်ဂုကိုတွေ့တော့ သူဝမ်းသာအားရဖြစ်ပြီး ပြေးသွားခဲ့တယ်။ ဒါပေမယ့် ဂျောင်ဂုက ကားစီးဖို့အလျင်လိုနေတော့ ထယ်ယောင်းနဲ့ မတော်တဆဝင်တိုက်မိပေမယ့် တောင်းပန်စကားပဲပြောပြီး ကားပေါ်ပြေးတက်သွားခဲ့တယ်။ အဲ့ဒီမှာ ထယ်ယောင်းမသိစိတ်က ဂျောင်ဂုက သူ့ကို နောက်တစ်ကြိမ်တွေ့ရင် ပြန်တောင်းပန်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကို ဖန်တီးလိုက်တယ်။
တစ်ချိန်တည်းမှာ သူငယ်ချင်းလိုချင်နေတဲ့ သူ့ဆန္ဒကလည်း အမြင့်ဆုံးအထိရောက်နေတော့ နောက်တစ်နေ့မှာ ဂျောင်ဂု သူ့ဆီရောက်လာခဲ့သလို စိတ်က စဖန်တီးလိုက်တယ်။ ဦးနှောက်က ထိမ်ချိန်ထားခဲ့တဲ့ ဂျောင်ဂုနာမည်က အဲ့ဒီနေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် မှတ်ဉာဏ်ထဲပြန်ပေါ်လာပြီး ဂျောင်ဂုက ကော်ဖီဆိုင်မှာ သူနဲ့မိတ်ဆက်ရင်း သူ့နာမည်ပြောပြလို့ သိရတဲ့ပုံစံမျိုးကို မှတ်ဉာဏ်က ဖမ်းယူထားလိုက်တယ်။
ဂျောင်ဂုနဲ့သူ အပြင်ထွက်တဲ့ တတိယနေ့မှာ စတွေ့ခဲ့ပြီး ကော်ဖီဆိုင်မှာမိတ်ဆက်ရင်း သူငယ်ချင်းဖြစ်ခဲ့တယ်လို့ သူ့စိတ်က ဖန်တီးလိုက်ပြီးတဲ့နောက်မှာ ဂျောင်ဂုဆိုတဲ့ စိတ်ကူးယဥ် ပုံရိပ်ယောင်က သူ့ဘဝထဲ စရောက်လာခဲ့တယ်။ ရည်းစားထားသင့်တဲ့ အရွယ်လည်းရောက်လာတော့ ရည်းစားလိုချင်တဲ့စိတ်လေးကလည်း ရှိနေလိမ့်မယ်။ အဲ့ဒီတော့ သူ့သူငယ်ချင်းဖြစ်တဲ့ ဂျောင်ဂုဆိုတဲ့ စိတ်ကူးယဥ်ပုံရိပ်ကို သူ့ရည်းစားအဖြစ် သူ့စိတ်က ထပ်ပြီးပြောင်းလဲဖန်တီးခဲ့တယ်။
သူတို့ပုံမှန် ချိန်းတွေ့နေကျ ညနေငါးနာရီဆိုတာကလည်း အထက်တန်းကျောင်းသားတွေရဲ့ ပုံမှန်ကျောင်းဆင်းချိန်ကို တွက်ဆပြီး သူ့ဦးနှောက်က ဖန်တီးပစ်ခဲ့တာ။ နောက်ပိုင်းတော့ ပုံမှန်လူတွေလိုမျိုး သူ့ရည်းစားနဲ့ လျှောက်လည်တာတွေ၊ ဆိုင်အတူထိုင်တာတွေလုပ်ခဲ့တယ်။ ဒါပေမယ့် အရာရာတိုင်းက သူတစ်ယောက်တည်း လုပ်ခဲ့တဲ့အရာမို့ အခြားသူတွေအမြင်မှာ ထယ်ယောင်းက အရူးလို့ထင်စရာဖြစ်ခဲ့တယ်။
Advertisement
ကော်ဖီဆိုင်က ဝန်ထမ်းကောင်လေးရဲ့ စကားတွေအရဆို ထယ်ယောင်းတစ်ယောက်တည်း ကော်ဖီဆိုင်ကိုရောက်လာပြီး သူ့ရှေ့မှာ တစ်ယောက်ယောက်ရှိနေသလို စကားတွေပြောနေခဲ့တာ။ ပထမဆုံး ကော်ဖီဆိုင်စထိုင်တဲ့နေ့မှာ ဝန်ထမ်းကောင်လေးက ထယ်ယောင်းတစ်ယောက်တည်းကိုမြင်လို့ ရေစိုတာတွေသုတ်ဖို့ တဘက်တစ်ထည်ပေးတယ်။ ဒါကို ထယ်ယောင်းက မျက်နှာပျက်ပြီး သူ့ရှေ့မှာလူရှိနေသလို တဘက်ကို စားပွဲတစ်ဖက်ခြမ်းကို တိုးပေးလိုက်ပြီး စကားပြောလိုက်တာမြင်တော့ ဝန်ထမ်းကောင်လေးက ဇဝေဇဝါစဖြစ်လာတယ်။
ခဏလောက်ကြာမှ ထယ်ယောင်းက သဘက်ကို သူ့ဘက်ပြန်ဆွဲယူပြီး ခေါင်းကိုရေသုတ်လိုက်တယ်။ ပြီးမှ ဝန်ထမ်းကောင်လေးကို လှမ်းခေါ်ပြီး အစားအသောက်စမှာတယ်။ တစ်ယောက်တည်းရောက်လာပြီး နှစ်ယောက်စာမှာတော့ ဝန်ထမ်းကောင်လေးက နောက်တစ်ယောက်များ လာဖို့ရှိသေးလားမေးမိတယ်။ ထယ်ယောင်းအမြင်မှာတော့ သူ့ရှေ့မှာ ဂျောင်ဂုရှိနေရက်နဲ့ ဒီလိုမမေးခံရတာ ဘယ်ကျေနပ်မှာလဲ။ ဒီတော့ စိတ်တိုပြီး ခပ်ဆတ်ဆတ်လေသံနဲ့ ပြန်ပြောမိတာပေါ့။
သူ့စကားထဲမှာလည်း ကျွန်တော်တို့က ရိုးရိုးသားသား သူငယ်ချင်းတွေပါဆိုတာ ပါလာခဲ့တော့ ထယ်ယောင်းရှေ့မှာ သူ့သူငယ်ချင်းဆိုတဲ့ စိတ်ကူးယဥ်လူတစ်ယောက် ရှိနေတယ်ဆိုတာ ဆိုင်ဝန်ထမ်းက သဘောပေါက်သွားတယ်။ နောက်တစ်ကြိမ် ထယ်ယောင်း သူတို့ဆိုင်ထဲဝင်လာတော့ ထုံးစံအတိုင်း ရေသုတ်ဖို့ သဘက်တစ်ထည်ပဲ ယူလာပေးမိတယ်။ ဒါပေမယ့် ထယ်ယောင်းက သူထင်သလို ဟုတ်မဟုတ် စမ်းသပ်ချင်နေတော့ တဘက်နောက်တစ်ထည် အပိုထပ်ယူလာပေးခဲ့တယ်။
အဲ့ဒီမှာ ထယ်ယောင်းက သူ့ရှေ့က နေရာလွတ်ဆီ တဘက်တစ်ထည် လှမ်းပေးလိုက်တော့ ဆိုင်ဝန်ထမ်းက ထယ်ယောင်းမှာ စိတ်ဝေဒနာရှိတာ သူသေချာသိသွားခဲ့တယ်။ အဲ့ဒါနဲ့ ထယ်ယောင်း မိုးရေထဲ ထွက်ဆော့မယ့်နေ့ သူတို့ဆိုင်ထဲကို ထယ်ယောင်းရောက်လာတော့ စားမယ့်သူမရှိဘဲ တစ်ယောက်စာပိုက်ဆံယူနေရတာ အားနာလို့ ပရိယာယ်သုံးပြီး နှစ်ယောက်တစ်ပွဲစားဖို့ သူအကြံပေးခဲ့တယ်။
အဲ့ဒီမှာ ထယ်ယောင်းရဲ့ စိတ်ဝေဒနာသည် ပုံစံက ပိုထင်ရှားလာတယ်။ ကိတ်မုန့်ကို ခွံ့ကျွေးတော့ တကယ်စားမယ့်သူမရှိလို့ ကိတ်မုန့်က အောက်ပြုတ်ကျတယ်။ ဒါကို ကိတ်မုန့်တုံးကြီးသွားလို့ ဂျောင်ဂုပါးစပ်က တစ်ချို့တစ်ဝက် အောက်ပြုတ်ကျတာလို့ သူ့ဦးနှောက်က ဖြည့်မှတ်လိုက်တယ်။ နောက်ပြီး ဂျောင်ဂုက ကျောင်းသားဆိုတော့ ကျောပိုးအိတ်ပါရမယ်လို့ သူ့စိတ်ကသိနေတော့ သူ့ပိုက်ဆံအိတ်ကို ဂျောင်ဂုကျောပိုးအိတ်ထဲ လှမ်းထည့်တယ်။ ကျောပိုးအိတ်က တကယ်မရှိတော့ ပိုက်ဆံအိတ်က ခုံပေါ်ပဲကျသွားတယ်။ ဒါကိုလည်း ယုတ္တိရှိသွားအောင် သူ့စိတ်က ဆက်ဖန်တီးနေခဲ့တယ်။
အနှစ်ချုပ်လိုက်ရင်တော့ ထယ်ယောင်း သူငယ်ချင်းဂျောင်ဂုက သူ့စိတ်ကူးနဲ့ ဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ သူမြင်ဖူးလိုက်တဲ့ တကယ့်ဂျောင်ဂုအစစ်ကို သူ့ဦးနှောက်က မိတ္တူပွားယူပြီး သူ့သူငယ်ချင်း၊ နောက်တော့ သူ့ရည်းစားအဖြစ် သူ့ဘဝထဲရောက်လာခဲ့သလိုမျိုး သူ့စိတ်စေစားရာအတိုင်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖန်တီးသွားခဲ့တာ ဆိုပါတော့ "
ဆရာဝန်ကြီးစကားဆုံးတော့ မစ္စဆူယောင်းလည်း သားဖြစ်သူအတွက် ယူကြုံးမရဖြစ်ကာ ခင်ပွန်းသည်ကို ဖက်ငိုလေတော့၏။ အရာရာက သားဖြစ်သူအပေါ် စည်းဘောင်များစွာဖြင့် ကန့်သတ်ခဲ့မိသော မိမိတို့၏ မိုက်ပြစ်များပေမို့ နောင်တအကြီးအကျယ်ရကာ ဖြေမဆည်နိုင်အောင် ဝမ်းနည်းရသည်။
တင်းလွန်းလျှင် ပြတ်တတ်သော ကြိုးတစ်ချောင်းပမာ အလွန်အကျွံ စည်းကမ်းတင်းကြပ်ခြင်းကလည်း အကောင်းထပ် အဆိုးကိုဦးတည်စေတတ်သည်ကို သူတို့ သဘောပေါက်သွားကြသည်။ သို့သော် နောင်မှရသော နောင်တက ဖြစ်ပြီးသမျှကို ပြန်ပြင်မရနိုင်တော့ပေ။
" သားလေး အခုလိုဖြစ်ရတာ အမေတို့အပြစ်တွေချည်းပါ သားရယ်။ သားလေးရဲ့ စိတ်ရောဂါကို အကောင်းပကတိဖြစ်အောင် ပြန်ကုသပြီးသွားရင် သားလေးစိတ်ကြိုက် ဘာမဆိုလုပ်နိုင်အောင်အမေတို့ ခွင့်ပြုပေးသွားပါ့မယ်။ အမေ့သားလေးကို အမေတို့ မရရအောင် ကုသသွားမယ်။ ဒေါက်တာ.. ကျေးဇူးပြုပြီး ကျွန်မသားလေးကို ကုသပေးပါနော် "
မိခင်တစ်ယောက်၏ ဝမ်းနည်းကြေကွဲစွာ အကူအညီတောင်းသံကြောင့် ဆရာဝန်ကြီးလည်း စိတ်မကောင်းဖြစ်သည့်ကြားမှ ကြိုးစားပြုံးပြရင်း ခေါင်းညိမ့်ပြလာသည်။
" စိတ်ချပါ။ ခင်ဗျားတို့သားလေးကို ကျွန်တော် တစ်လအတွင်း ပုံမှန်ပြန်ဖြစ်အောင် ကုသပေးသွားမယ်။ စိတ်ကြောင့်ဖြစ်တဲ့ရောဂါက စိတ်နဲ့ပြန်ကုစားရင် အချိန်တိုအတွင်း ပျောက်ကင်းပါတယ် "
~~~~~xxxxx~~~~~
တစ်နှစ်ခန့်ကြာပြီးနောက်..။
အချိန်များတရွေ့ရွေ့ လည်ပတ်လာရင်းနှင့်ပင် မိုးရွာလေ့ရှိသည့် စက်တင်ဘာလကို နောက်တစ်ကြိမ်ပြန်ရောက်လာခဲ့သည်။ တစ်နှစ်ပတ်လုံးမှာ ဂျူလိုင်လဆန်းပိုင်းနှင့် စက်တင်ဘာလ၏ ရက်အချို့သာ မိုးရွာလေ့ရှိသော ကိုရီးယားမြေက စက်တင်ဘာ၏ပထမဆုံးမိုးကို ငံ့လင့်နေခဲ့ပြီ။
အိမ်လေးတစ်လုံး၏ ကိုယ်ပိုင်အခန်းလေးတစ်ခုမှာတော့ အသက်နှစ်ဆယ်အရွယ် ကောင်လေးတစ်ယောက်က လူတစ်ယောက်၏ပုံတူကို အပြီးသတ်ရေးဆွဲနေသည်။ ကောင်လေး၏ ခဲပန်းချီစွမ်းရည်က ထက်မြက်လွန်းနေသည်မို့ ပန်းချီကားချပ်ပေါ်မှ ငယ်ရွယ်နုပျိုသော ယောက်ျားလေးတစ်ယောက်၏ မျက်နှာက အသက်ဝင်ပီပြင်နေခဲ့သည်။
လှပလွန်းသော ဝိုင်းစက်စက်မျက်ဝန်းများ၊ နက်မှောင်၍ အတန်အသင့်ထူထဲသော မျက်ခုံးများ၊ ဖြောင့်စင်းသောနှာတံနှင့် က, ပုံသဏ္ဍာန် နှုတ်ခမ်းလွှာများက ချောမောခံ့ညားသော လူငယ်တစ်ယောက်၏ရုပ်သွင်ကို ထင်ဟပ်ပြနေသည်။ ပန်းချီဆွဲသော လူငယ်သည် ပန်းချီကားချပ်ပေါ်မှ ရုပ်သွင်ပိုင်ရှင်ကို မည်မျှလောက်အထိ မျက်လုံးထဲစွဲထင် မှတ်သားထားသည်ကို ပန်းချီလက်ရာကြည့်လိုက်ရုံမျှဖြင့် သဘောပေါက်နားလည်နိုင်သည်။
ပုံတူပန်းချီလေး အပြီးသတ်သွားတော့ ပန်းချီဆွဲနေသောကောင်လေးက သူ့လက်ရာပန်းချီကားကို သူပြန်ကြည့်ရင်း စိတ်ကျေနပ်စွာပြုံးလိုက်သည်။ သူချစ်ခဲ့ဖူးသော ထိုယောက်ျား၏ပုံရိပ်ကို သူ့မှတ်ညဏ်ထဲက မေ့ပျောက်မသွားရအောင် ပန်းချီပညာကို မရမကသင်ရင်း ပုံတူပန်းချီလေးဆွဲနိုင်သည်အထိ သူကြိုးစားခဲ့ရပြီး နောက်ဆုံးတော့ သေသေသပ်သပ် အပြီးသတ်နိုင်ခဲ့ပြီ။
" ဂျောင်ဂုရေ နောက်ဆုံးတော့ ငါ့မှတ်ညဏ်ထဲက မင်းပုံရိပ်လေးကို ပန်းချီကားပေါ်မှာ ငါရေးခြယ်နိုင်ခဲ့ပြီ။ တကယ့်လက်တွေ့မှာ မင်းနဲ့ငါက ချစ်သူတွေမဖြစ်ခဲ့ကြပေမယ့် ငါမင်းကို ချစ်တဲ့စိတ်က အခုထိ မပြောင်းလဲသွားခဲ့ဘူး။ မင်းနဲ့ငါ ချစ်သူတွေဖြစ်ခဲ့ရတာက ငါ့စိတ်က ဖန်တီးခဲ့တဲ့ ပုံရိပ်ယောင်တွေဖြစ်ခဲ့ပေမယ့် မင်းက အပြင်မှာ တကယ်ရှိတဲ့လူမို့ ငါဖြေသိမ့်နိုင်ခဲ့တယ်။ တစ်နေ့နေ့တော့ တကယ့်အပြင်က ဂျောင်ဂုဆိုတဲ့ မင်းကို ငါပြန်ရှာတွေ့ပြီး သူငယ်ချင်းတွေအဖြစ်နဲ့ အစကပြန်စနိုင်မယ်လို့ ငါယုံကြည်ထားတယ်။ မင်းနဲ့ငါ နောက်တစ်ကြိမ် ရည်းစားထပ်ဖြစ်ခဲ့ရင်တော့ ဒီပုံတူပန်းချီလေးကို မင်းကို လက်ဆောင်ပေးမယ်။ မင်းငါ့ဆီ ပြန်လာပေးနော် "
Advertisement
ပန်းချီကားထဲက ဂျောင်ဂု ပုံရိပ်ကိုကြည့်ကာ စကားတတွတ်တွတ်ပြောရင်း ထယ်ယောင်း သူ့လက်ကောက်ဝတ်က ကန့်လန့်ဖြတ်အမာရွတ်ကြီးကို အဓိပ္ပါယ်ပါပါ ငုံ့ကြည့်လိုက်သည်။ ဂျောင်ဂုဆိုသောလူသားက သူ့ချစ်သူ တကယ်မဟုတ်ခဲ့ဘဲ စိတ်ကဖန်တီးခဲ့သည့် ပုံရိပ်ယောင်သက်သက်မှန်း သူသိသိချင်းတွင် ဆောက်တည်ရာမရဖြစ်ကာ ရူးမတတ်ဖြစ်ခဲ့ရသည်။
ဂျောင်ဂုမရှိလျှင် သူလုံးဝအသက်မရှင်နိုင်ဟု တွေးထားခဲ့သည်မို့ မိဘတွေတားသည့်ကြားမှ သူ့လက်ကောက်ဝတ်ကို ဓားဖြင့်လှီးကာ အဆုံးစီရင်ဖို့ သူကြိုးပမ်းခဲ့သည်။ ဆေးရုံအရောက်မြန်ခဲ့၍သာ သူအသက်ဆက်ရှင်ခဲ့ပြီး စိတ်ကျန်းမာရေးအတွက် နှစ်လလောက်အထိ အချိန်ယူကုသခဲ့ရသည်။
ထိုအချိန်အတွင်း စိတ်အပြောင်းအလဲဖြစ်အောင် ခဲပန်းချီပညာကို သူအတတ်သင်ခဲ့ပြီး ဂျောင်ဂုပုံတူကို ဆွဲနိုင်ဖို့ အကြိမ်ကြိမ်အဖန်ဖန် လေ့ကျင့်ခဲ့သည်။ စိတ်အခြေအနေ ပုံမှန်အတိုင်းပြန်ဖြစ်တော့ မိဘများထံမှ လွတ်လပ်ခွင့်အပြည့်ရခဲ့ပြီး ထယ်ယောင်းဘဝက ကောင်းသောပြောင်းလဲခြင်းများ စတင်လာခဲ့သည်။
စာသင်နှစ်အသစ်တွင် ထယ်ယောင်းအတွက် သူငယ်ချင်းနှစ်ယောက်ရှိလာခဲ့ပြီး အထီးကျန်ခြင်းတို့ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့သည်။ မိဘတွေစိတ်မပူရစေဖို့ သူ့ကိုယ်သူ ထိန်းသိမ်းပါ့မည်ဟု ရဲရဲဝံ့ဝံကတိပေးကာ သူ့ဘဝကို အကောင်းဆုံးဖြတ်သန်းဖြစ်လာသည်။
ပိုကောင်းသော သတင်းကောင်းများကလည်း ထယ်ယောင်းကို စောင့်ကြိုနေခဲ့ပြီး ဂျောင်ဂုနှင့် ပြန်ဆုံတွေ့ရဖို့ အလားအလာများနေခဲ့သည်။ ဂျောင်ဂုကို ပထမရက်နှင့် ဒုတိယရက်မှာ ထယ်ယောင်း တကယ်တွေ့ခဲ့ရပြီး နောက်ရက်များတွင် ထပ်မတွေ့ရတော့သည့် အကြောင်းအရင်းကိုလည်း စုံစမ်းရင်းဖြင့် အားလုံးသိခဲ့ရသည်။
ပထမဆုံးရက်တွင် ဂျောင်ဂုက ဆိုဝန်အထက်တန်းကျောင်းမှ ကျောင်းပြောင်းသည့်ကိစ္စများ စီစဥ်ပြီးအပြန် ထယ်ယောင်းနှင့်တစ်ကြိမ်ဆုံခဲ့သည်။ ပထမနေ့က ကျောင်းပြောင်းသည့်ကိစ္စ မပြီးပြတ်ခဲ့သဖြင့် ဒုတိယနေ့ ကျောင်းကိုထပ်လာပြီး အပြန်တွင် ထယ်ယောင်းနှင့် တိုက်မိသွားခဲ့ကာ ဤသည်က ထယ်ယောင်းနှင့်ဂျောင်ဂု နောက်ဆုံးတွေ့ခဲ့ရခြင်းဖြစ်သည်။
ဂျောင်ဂု၏ ဖခင်သည် ရဲအရာရှိဖြစ်၍ ဆိုးလ်မှ ဂယောင်းဂီဒေသဆီ တာဝန်ဖြင့်ပြောင်းရွေ့ခဲ့ရသည်။ တာဝန်ကျရာနေရာမှာ မိသားစုလိုက် ပြောင်းနေဖြစ်ခဲ့သဖြင့် ဂျောင်ဂုလည်း ဆိုးလ်မြို့က ဆိုဝန်အထက်တန်းကျောင်းမှ ဂယောင်းဂီဒေသ အထက်တန်းကျောင်းဆီ ကျောင်းပြောင်းတက်ခဲ့ရသည်။
စာရွက်စာတမ်းကိစ္စ အားလုံးပြီးစီးသွားသည်နှင့် ဂယောင်းဂီဒေသ အထက်တန်းကျောင်းမှာ ကျောင်းဆက်တက်နေခဲ့ပြီး ဆိုးလ်မြို့ဆီ ပြန်မလာဖြစ်တော့ပေ။
ထယ်ယောင်းအတွက် သတင်းကောင်းဆိုသည်က ဤအရာနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေသည်။ လွန်ခဲ့သောတစ်နှစ် ဂျောင်ဂုဖခင် နေရာပြောင်းရွေ့ တာဝန်ထမ်းဆောင်ခဲ့ရခြင်းတွင် အထက်အရာရှိ၏ မမှန်မကန် အဂတိလိုက်စားဆောင်ရွက်ခဲ့မှု ပေါ်ပေါ်က်သွားခဲ့သဖြင့် တရားရုံးက ဂျောင်ဂုဖခင်ကို မူလနေရာမှာ ပြန်လည်ခန့်ထားရန် အမိန့်ချမှတ်ခဲ့သည်။
ထိုသတင်းကို TVမှာ ကြည့်လိုက်ရပြီးကတည်းက ဂျောင်ဂုနှင့် ပြန်ဆုံရဖို့ ထယ်ယောင်းမှာ မျှော်လင့်ချက်ရလာသည်။ ဂျောင်ဂုဖခင် မူလရာထူးပြန်ရလျှင် ဂျောင်ဂုလည်း ဆိုးလ်ကိုပြန်ရောက်လာဖို့ ကျိန်းသေသည်။ အကယ်၍သာ ဆိုဝန်အထက်တန်းကျောင်းမှာ ပြန်တက်ဖြစ်ခဲ့လျှင် ပြန်ဆုံတွေ့ရဖို့က ရာနှုန်းပြည့် သေချာနေခဲ့ပြီ။
ထယ်ယောင်း သူ့အတွေးနှင့်သူ ပြုံးပျော်နေစဥ်အတွင်း စက်တင်ဘာလ၏ ပထမဆုံးမိုးက စတင်ရွာသွန်းလာခဲ့သည်။ ပြတင်းမှန်မှတစ်ဆင့် တဖွဲဖွဲရွာနေသော မိုးစက်ကလေးများဆီ ငေးမျှော်ကြည့်ရင်း အတိတ်တစ်ချိန်ကို သူပြန်သတိရလာသည်။ မိုးရွာသောနေ့များတွင် ပုံရိပ်ယောင်ဂျောင်ဂုနှင့် အတူပျော်ခဲ့သည်များကိုသတိပြန်ရကာ မျက်ရည်ကျမိတတ်သော ထယ်ယောင်း ဒီတစ်ကြိမ်တော့ မျက်ရည်မကျအောင် ထိန်းထားနိုင်ခဲ့သည်။
တယ်လီပသီရှိနေ၍လား မပြောတတ်။ ဂျောင်ဂုကို ပြန်တွေ့ရတော့မည်ဟု သူ့စိတ်ကထင်နေသည်မို့ ထယ်ယောင်း အရင်နေရာလေးဆီ ပြန်သွားကြည့်ချင်လာမိသည်။ တစ်ခါတလေတော့လည်း အတိတ်ကအမှတ်တရများကို ပြန်တူးဖော်ကာ ရင်ထဲတသိမ့်သိမ့် ခံစားချင်မိသေးသည်။
အပြင်ထွက်လျှင် တားမည့်သူမရှိတော့၍ ထယ်ယောင်းလည်း ထီးလေးဆောင်းရင်း မိုးရွာထဲ ထွက်လာခဲ့သည်။ မိုးရေစက်တွေကြား ဖြတ်သန်းလာသော လေနုအေးများသည် တစ်ချက်ရှူသွင်းလိုက်တိုင်း လွန်ခဲ့သောတစ်နှစ်ကလို လတ်ဆတ်အေးမြနေဆဲပင်။ လမ်းဘေးဝဲယာရှိ ကျောက်စီမြေထိန်းနံရံများကလည်း အရင်အတိုင်းရှိနေဆဲ။
ကားမှတ်တိုင်နေရာလေးဆီ ရောက်လာတော့လည်း အနားပတ်ဝန်းကျင်က မပြောင်းမလဲရှိနေဆဲ။ ကားမှတ်တိုင်နားရှိ ကော်ဖီဆိုင်က ဝန်ထမ်းအစ်ကိုကြီးသည်လည်း ထယ်ယောင်း၏ရင်းနှီးသော သူငယ်ချင်းအစ်ကိုတစ်ယောက်ဖြစ်လာခဲ့ပြီး ဆိုင်လေးကလည်း သူအမြဲထိုင်နေကျဖြစ်လာခဲ့သည်။ ဆိုင်ပိုင်ရှင် အဒေါ်ကြီးပင်လျှင် ထယ်ယောင်းနှင့် သားအမိပမာ ရင်းနှီးနေကြပြီ။
ကားမှတ်တိုင်ရောက်ရောက်ချင်း ထယ်ယောင်း ကော်ဖီဆိုင်ကို အရင်မသွားသေးဘဲ ထီးဆောင်းလျှက်သားဖြင့် ကားမှတ်တိုင်ဘေးက လူသွားစင်္ကြံပလက်ဖောင်းပေါ် မတ်တပ်ရပ်ကာ ကားလမ်းမပေါ် ဥဒဟိုသွားလာနေသော ကားမျိုးစုံကို ငေးကြည့်နေမိသည်။ မိုးစက်များကြားမှ ကားလမ်းတစ်ဖက်ခြမ်းရှိ ပန်းခြံထဲကိုလည်း မသည်းမကွဲ လှမ်းမြင်နေရသည်။
သူ့စိတ်ကူးထဲက ပုံရိပ်ယောင်ဂျောင်ဂု သင်ပေးထားသလို ထယ်ယောင်း သူ့လက်ဖဝါးကို မိုးရွာထဲဆန့်ထုတ်ရင်း လက်ဖဝါးပေါ် တပေါက်ပေါက်ကျလာသည့် မိုးရေစက်တွေကို ခံယူနေမိသည်။ အေးစက်စက် မိုးရေစက်တို့ လက်ဖဝါးကျလာသည့် ခံစားချက်ကလည်း အရင်လိုသစ်လွင်နေဆဲပါ။
ကားလမ်းမဆီက အကြည့်ပြန်ခွာရင်း မျက်လုံးက အခြားနေရာအကြည့်ရောက်သွားတော့ ကားမှတ်တိုင်ဆီ ထီးလေးဆောင်းရင်း ဦးတည်လျှောက်လာနေသည့် ရင်းနှီးပြီးသား လူတစ်ယောက်၏ပုံရိပ်က ထယ်ယောင်းမြင်ကွင်းထဲ ဝင်ရောက်လာခဲ့သည်။ ဟုတ်ပါ့မလားဟု စိတ်ထဲထင်မိသော်လည်း နီးကပ်လာလေလေ ပုံရိပ်က ထင်ရှားလာလေမို့ ထယ်ယောင်းအထင်က ပိုသေချာလာသည်။
မှတ်ညဏ်ထဲက လုံးဝထုတ်မရခဲ့သော မျက်လုံးဝိုင်းလေးများဖြင့် ထိုလူသား။ အချိန်တွေကြာညောင်းခဲ့သည့်တိုင် မှတ်ညဏ်ထဲက ရုပ်ပုံလွှာအတိုင်း တစ်ထပ်တည်းကျနေဆဲဖြစ်သော ထိုလူသား၏ ချောမောခံ့ညားသော မျက်နှာ။ ဒီတစ်ကြိမ်တော့ ပုံရိပ်ယောင်မဟုတ်ဘဲ အမှန်တကယ်ပြန်တွေ့ရခြင်းဖြစ်၍ ဂျောင်ဂုဆိုသော ထိုလူသား သူ့နားရောက်လာသည်အထိ ထယ်ယောင်း မစောင့်နိုင်တော့။
သူချစ်ရသော ထိုလူသားဆီ လွတ်လွတ်လပ်လပ်ပြေးလွှားသွားနိုင်ဖို့ မိုးစက်များကိုပင် သူဂရုမစိုက်နိင်တော့ဘဲ ဆောင်းထားသည့်ထီးကိုလွှတ်ချလိုက်သည်။ မိုးစက်များ သူ့ကိုယ်ပေါ်ကျလာသည်ကို ကျေကျေနပ်နပ်ပြုံးရင်း တရွေ့ရွေ့လာနေသော ဂျောင်ဂုရှိရာဆီ ပြေးသွားခဲ့သည်။
" ဂျောင်ဂု!!! "
မိုးရွာထဲ မိမိဆီ တန်းတန်းမတ်မတ်ပြေးလာကာ နာမည်အော်ခေါ်လိုက်သော အမည်မသိ ရွယ်တူကောင်လေးကြောင့် ဂျောင်ဂု ကြောင်အန်းအန်းဖြစ်ကာ ခြေလှမ်းကိုရပ်တန့်လိုက်သည်။ သူ မျက်ဝန်းအဝိုင်းသားဖြင့် ကြည့်နေစဥ်မှာပင် ပြေးလာသောကောင်လေးက သူ့ကိုမှီသွားကာ ရုတ်တရက်ပြေးဖက်လာ၍ ဂျောင်ဂု အလန့်တကြားဖြင့် ထီးလွတ်ကျသွားခဲ့သည်။
" မင်းငါ့ကို အခုလောလောဆယ် သိချင်မှသိလိမ့်မယ်။ ငါကတော့ မင်းကိုသိနေခဲ့တာ တစ်နှစ်လောက်ကြာခဲ့ပြီ။ မင်းနဲ့တွေ့ရဖို့ကို ငါ့မှာ အချိန်အကြာကြီး စောင့်နေခဲ့ရတယ်။ ဒီနေ့တော့ ငါမြတ်နိုးရတဲ့မင်းကို ပြန်ရှာတွေ့ခဲ့ပြီ။ မင်းငါ့ကို မသိလည်းရပါတယ်။ ငါပြောပြတာတွေ နားထောင်ပြီးရင် မင်းကြိုက်သလို ဆုံးဖြတ်ပါ။ အခုအတွက်တော့ မင်းကို တစ်ဝကြီး ပွေ့ဖက်ထားခွင့်ပေးပါ "
ထယ်ယောင်းသည် သူအချိန်အတော်ကြာ မျှော်လင့်နေခဲ့ရသည့် အမြတ်နိုးရဆုံးလူသားကို ထပ်ပြီး လွတ်ထွက်မသွားရအောင် တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားရင်း စကားတွေ တတွတ်တွတ်ပြောနေသည်။ ဝမ်းသာလွန်း၍ကျမိသော ထယ်ယောင်းမျက်ရည်တို့သည်လည်း မိုးစက်များနှင့်ပေါင်းစည်းကာ ပါးပြင်ထက်သို့ အေးချမ်းစွာ စီးကျလာလေတော့၏။
သည်းသည်းမည်းမည်း ရွာချနေသော မိုးရေစက်တို့သည်လည်း ချစ်ခြင်းဖြင့်နွေးထွေးနေခဲ့သော ထယ်ယောင်းကို မချမ်းတတ်စေခဲ့ပြီ။ မိုးရွာသောရက်များတွင် စတင်ခဲ့ရသော ဇာတ်လမ်းတစ်ပုဒ်သည်လည်း မိုးရည်စက်များကြားတွင် အသစ်တစ်ဖန် ပြန်မွေးဖွားလာပေတော့မည်။
To be continued...
Zawgyi -
Advertisement
- In Serial17 Chapters
Orb Of Oblivion [Dungeon Story RE-WRITE]
DUNGEON STORY With level ups and many dangerous dungeons. This is a semi-dungeon, semi Litrpg Story David Lee, an orphan with a lot going for him in life, but unfortunately he died tragically. He was then transported to another world with a blank slate. He finds himself with a mocking title and he also unlocks unique special class that is unknown to this world. David Lee is just a ball boy who knows nothing about this dangerous world, he easily trusts others but he will soon know that he had been naive. So, lets see how his ball handling skills fare in this dungeon filled world! Note: Reviving this project as I have been away for too long, but first, re-editing and re-writing old chapters. Old Reviews are basically nulled since I have re-written the story so please feel free to leave behind an updated review of the current story thank you.
8 806 - In Serial48 Chapters
Rise Of The Worm Sovereign
Lin Wu was a university student that died after having one too many energy drinks and then reincarnated into the body of a worm. He awakens to find out that he now has a system, but even it doesn't have a clear idea of where they are. He comes out of the ground and discoverers that he’s no longer in his previous world but rather in a cultivation world. Witness Lin Wu’s journey as he worms his way to the heavens from a tiny worm crawling in the ground. P.S. This book will be published up to chapter 49 on royal road. After that, all the chapters will be exclusively available on webnovel.com
8 225 - In Serial12 Chapters
The Dragonfly - Chronicles of Edalom
The fur tournament is approaching and the little kings are mobilizing to get a good piece to present. Derren, hunter of the Thousand Kingdoms, accepts a job for three thousand silver shields. With his saber on his back, he sets out with other hunters in search of the dragonfly, a monster described only by rumors.
8 170 - In Serial18 Chapters
3 Kings
Louis is the omega if his kingdom that is ruled by his father. He is in a arranged marriage with the neighboring kingdom of Cheshire. He is a shy and quiet boy and gets extremely nervous around alphas. So what will happen when he has to be mated with three? Will he go thru with it or will he risk his peoples peace?Alpha!HarryAlpha!MarcelAlpha!EdwardOmega!Louis
8 190 - In Serial3 Chapters
Ones Who Love You
this is a poly brightlights fic, didn't see anything on here that was what i wanted to i wrote my own.
8 202 - In Serial26 Chapters
It's Just Water - Maki Zenin x F! reader
"Hey watch where you're goin! Now you've got water all over my shirt!""It's just water-",,(fixed the ending cuz im tired of crying over nothing lmao)
8 208

