《First Frost (Myanmar Translation)》Chapter 50
Advertisement
စန်းရန်က ဝိန်းရိဖန်၏တုံပြန်မှု တစ်စုံတစ်ရာကို စောင့်မနေပါဘဲ ခပ်မတ်မတ်ပြန်ထိုင်လိုက်ကာ အိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး နှစ်ကြိမ်ခန့်လှည့်ပတ်ကစားပြလိုက်သည်။ နောက်တွင်တော့ အခုလေးမှပဲ အိတ်ကပ်ထဲဖုန်းရှိနေကြောင်း သိသွားခဲ့သည့်ပုံစံမျိုးဖြင့် မျက်နှာပြောင်တင်းတင်းစကားဆိုလာခဲ့သည်။
"လက်စသတ်တော့ ဒီမှာရှိနေတာပါလား"
"...."
ထပ်၍ အထူးတလည် ရင်းရင်းနှီးနှီးဖြင့် သတိပေးလာပြန်သေး၏။
"ရပြီ..ယူပေးစရာမလိုတော့ဘူးနော်"
စိတ်ထင်နေရုံသက်သက် ဟုတ်မဟုတ်ကိုမသိ ၊ ဝိန်းရိဖန်၏နှုတ်ခမ်းပါးက ထုံချင်သလိုလိုဖြစ်နေသည်ကိုသာ ခံစားမိနေရသည်။ နဂိုကတည်းက နေရာကျဥ်းကျပ်သည်ဟုဆိုရမည့်အခန်းမှာ ပို၍ ပြွတ်သိပ်လာသည့်အလား ၊ စိတ်ထင်ယောင်ထင်မှားဖြစ်နေစေသည့်အခန်းငယ်ထဲ အနွေးဓါတ်များအပြင် ခြောက်သွေ့အိုက်စပ်ခြင်းများပါ နေရာယူလာလေတော့သည်။
သူ့နှုတ်ခမ်းစွန်းအား စိုက်ကြည့်နေမိရင်းက ဝိန်းရိဖန်တစ်ယောက် ရုတ်တရက်မတ်တပ်ထရပ်ပစ်လိုက်၏။
"ငါ ပန်းသီးကိုရေသွားဆေးလိုက်ဦးမယ်"
စကားပြောပြီးသည်နှင့် ဝိန်းရိဖန်သည် စန်းရန်၏တုံပြန်မှုကိုပင် မစောင့်တော့ဘဲ ပန်းသီးနှစ်လုံးအား လှမ်းယူကာ ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။ တံခါးကို အလျင်အမြန်ပိတ် ၊ နားရွက်များ သိသိသာသာကိုနီရဲနေသည့်ကိုယ့်ကိုကိုယ်အား မှန်ထဲစိုက်ကြည့်နေပြီး စိတ်အာရုံတစ်ခုလုံးကိုလည်း ထိုလျှပ်တပြက်အထိအတွေ့ကသာ ကြီးစိုးနေလေသည်။
အသက်ရှူငွေ့များကို ထိန်းရင်း ရေပိုက်ခေါင်းကိုဖွင့်လိုက်သည်။
ပန်းသီးရေဆေးဖို့ရာအတွက် အချိန်များများမယူ ၊ အရမ်းသိသာလွန်းနေမည်ကို စိုးရိမ်သည့်အတွက်လည်း ဝိန်းရိဖန်က ရေချိုးခန်းထဲ၌ ကြာကြာမနေဘဲ ဆေးကြောပြီးနောက် ပြန်ထွက်လာခဲ့လိုက်သည်။
လက်ရှိအချိန်တွင် စန်းရန်က စားပွဲဘေး၌ရှိနေပြီး ညစာဝယ်လာသည့်အိတ်ကိုဖွင့်နေ၏။ ဝိန်းရိဖန်က အသံတစ်ချက်မပြုဘဲ သူ့ဘေး၌ ဝင်ထိုင်လိုက်သည်။
စန်းရန်ကလည်း တစ်ချက်သာလှမ်းကြည့်လာပြီး 'လက်ဆောင်လက်ခံရရှိ'သည့်ကိစ္စအား ထပ်မပြောတော့ပေ။
ကြည့်ရသည်မှာ ဖြစ်သွားခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ နှစ်ယောက်စလုံးက နောက်တစ်ကြိမ်ပြန်ပြောရမည်ကို ရှက်နေကြသည့်ဟန်။
ဤကိစ္စမှာ သည်လိုနှင့်သာ မသိမသာလေးကျော်ချသွားခဲ့၏။
ဝိန်းရိဖန်၏စိတ်အခြေအနေမှာလည်း တဖြည်းဖြည်းနှင့်တည်ငြိမ်စပြုလာခဲ့သည်။ ပန်းသီးတစ်ကိုက်စာ ကိုက်လိုက်ရင်း ရုတ်တရက် စန်းရန်က အရမ်းကိုမှ သနားစရာကောင်းနေကြောင်း မဆီမဆိုင်ခံစားမိလိုက်ရသည်။ သူ့မွေးနေ့ရက်တွင် သူက ဤမပျက်စီးရုံတမယ်ရှိနေသည့်ဟိုတယ်ထဲ၌ သူမနှင့်အတူရှိနေရကာ ညစာအတွက်ကိုပင် အပြင်ဘက်မှအလျင်းသင့်သလိုဝယ်လာခဲ့သည့်အစားအသောက်ကိုသာ စားနေရ၏။
ယခုတွေးကြည့်မိလိုက်သည့်အခါတွင်မှ ခေါက်ဆွဲဆိုင်ထဲ၌ သူနှင့် မမျှော်လင့်ဘဲတွေ့ဆုံလိုက်ရသည်မှာ အလွန်တရာကိုမှစိတ်ကစဥ့်ကလျားနိုင်စေနိုင်မှန်း ခံစားမိလိုက်ရတော့သည်။ အစတည်းက သူ့ဘက်က ပြန်တုံ့ပြန်လာမည်ကို မမျှော်လင့်ထားဘဲ သူမဘက်ကသာ လုပ်သင့်လုပ်ထိုက်သည်ကို လုပ်လိုက်ခြင်းဖြစ်ပြီး နန်းဝူသို့ပြန်ရောက်သည့်အခါမှသာ အိမ််ပြောင်းမည့်ကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးမည်ဟု ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။
ထိုသို့စိတ်ဆုံးဖြတ်ပြီး ထပြန်ခါနီးတွင်...
ထိုတဒင်္ဂလေးတွင်မှ သူသည် ကောင်းကင်ပေါ်မှ ရုတ်ချည်း ပြုတ်ကျလာလေတော့သည်။
ဆိုင်ပိုင်ရှင်ကြီးပြောလိုက်သည့် စကားတစ်ခွန်း ; "ဒီလောက်နှစ်တွေကြာခဲ့ပြီးတာတောင် မင်းတို့နှစ်ယောက်က အတူတူရှိနေကြတုန်းပဲ"
ထိုစကားအား သူ ပြန်လည်ဖြေပေးခဲ့ခြင်းမရှိသလို...
နောက်တွင်လည်း မည်သည့်ကိစ္စကိုမှ အစဖော်ခြင်း မပြုခဲ့ပါပေ။
သူမအား ထိုခေါက်ဆွဲဆိုင်သို့ အဘယ်ကြောင့်သွားခဲ့ကြောင်းလည်း မမေး..
အတိတ်မှကိစ္စများကိုလည်း လက်လွတ်စပယ် စကားမစလာခဲ့သလို ၊
သူမထံမှလည်း မည်သည့်အတွက်ကြောင့်နှင့်မှ အကြောင်းပြချက်တစ်ခုပေးရန် တောင်းလာခဲ့ခြင်းမျိုး မရှိပါချေ။
ဂရုမစိုက်သည့်ပုံစံမျိုးနှင့်လည်းတူသလို အတိတ်မှကိစ္စများကို ပြန်အစမဖော်လိုခြင်းနှင့်လည်း တူနေသေးကာ...
ထပ်၍ တူနေသေးသည်မှာ နှစ်ယောက်သား အတူရှိနေရပြီဖြစ်သည့် ထိုအခိုက်အတန့်လေးတွင်...
သူသည် အတိတ်မှ အကောင်းအဆိုးအရာအားလုံးကို လက်လွှတ်ချပစ်လိုက်ပြီး..
လက်ရှိအချိန်လေး တစ်ခုတည်းကိုသာ ရှေးရှု၍ကြည့်နေတော့သည့်အလားပင်။
-------
စန်းရန် ညစာစားပြီးသည်နှင့်တပြိုင်နက် ဝိန်းရိဖန်သည်လည်း ပန်းသီးတစ်လုံး ကုန်အောင်စားပြီးသွားခဲ့သည်။ သူမအနေဖြင့် စကားတစ်ခွန်းတစ်လေပြောရန် တွေးမိပါသော်လည်း ဘယ်ကနေဘယ်လို စကားစရမည်မှန်းမသိ ၊ မသိစိတ်ကနေ၍ အလိုလို နေရထိုင်ရခက်နေတော့သည်။
ကြည့်ရသည်မှာ နှစ်ယောက်စလုံးက အသစ်ပြောင်းသွားခဲ့သည့်ဆက်ဆံရေးနှင့် အသားတကျမဖြစ်သေးပုံ။
အချိန်မှာ နောက်ကျနေပြီဖြစ်ကာ ထပ်၍ ပန်းသီးလည်းစားပြီးဖြစ်သည့်အတွက် ဝိန်းရိဖန်အနေဖြင့် ထပ်နေစရာအကြောင်းလည်းမရှိတော့ပါသည့်တိုင် သူ့အနားတွင် တစ်ခဏလေးဖြစ်ဖြစ် ထပ်နေချင်ပါသေးသည်။ ခေါင်းငုံ့ထားရင်း အသံတစ်စိုးတစိမျှမထွက်ဘဲ ဖုန်းကစားနေလိုက်၏။
စန်းရန်က ညစာဘူးအား သိမ်းဆည်းရှင်းလင်းပြီးနောက် သူမဘက်သို့လှည့်ကြည့်လာ၏။
"ထပ်စားဦးမှာလား?"
ဝိန်းရိဖန် ခေါင်းမော့လာပြီး
"အာ?"
စန်းရန်က စားပွဲပေါ်မှ ပန်းသီးတစ်လုံးကို လှမ်းယူပြီး ဝိန်းရိဖန်၏လက်ထဲ ထည့်ပေးလိုက်၏။ သူမ၏အခြေအနေကို နားလည်နေသည့်အလား မျက်ခုံးကိုပင့် ၊ နှုတ်ခမ်းကို ကွေး၍ပြုံးပြပြီး
"ဒီတစ်ခေါက် ဖြေးဖြေးလေးပဲစား"
ဝိန်းရိဖန် ;
"နင် မစားတော့ဘူးလား"
"မစားတော့ဘူး"
"အို့"
ဝိန်းရိဖန်က နာရီတစ်ချက်လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးအသံလေးဖြင့်
"ဒါဆို နောက်ထပ်နာရီဝက်လောက်ကြာအောင် စားရမလား"
စန်းရန် ;
"အဲ့ထက်ပိုပြီး နှေးအောင် စားပေးလို့ရမလား"
ဝိန်းရိဖန်က ပန်းသီး တစ်ကိုက်ကိုက်လိုက်ရင်း ဝိုးတိုးဝါးတား စကားဆိုလိုက်၏။
"...ရတယ်"
အခန်းအတွင်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်တော့သည်။
ပစ္စည်းများ သိမ်းဆည်းရှင်းလင်းပြီးနောက်တွင် စန်းရန်က ဝိန်းရိဖန်၏ဘေး၌ထိုင်ပြီး ဖုန်းကစားနေလိုက်သည်။ သူမက ဘေးဘက်နေပြီး မသိမသာလေးလှမ်းကြည့်လိုက်ရာ ခပ်ရေးရေးလေးပြုံးနေသည့် သူ့နှုတ်ခမ်းပါးကို မြင်တွေ့လိုက်ရသည်။
ဝိန်းရိဖန်လည်း တစ်ခဏကြာအောင် လှမ်းကြည့်နေမိပြီးမှ တိတ်တိတ်ကလေး အကြည့်ပြန်လွှဲလိုက်၏။
သူမအတွက်တော့ ပထမဆုံးအကြိမ် ချစ်ကျွမ်းဝင်ဖူးခြင်းဖြစ်ရာ..
ရှိရှိသမျှသော လူအားလုံးက ယခုလိုဖြစ်နေမည်လားတော့ မသိပါပေ။ ပြောစရာစကားလည်းမရှိဘဲ အနည်းငယ်လေးမျှစိတ်ကျဥ်းကျပ်နေပါသည့်တိုင် တစ်ဖက်လူနှင့် အတူတူရှိနေချင်မိကာ ၊ ထိုမနေသာမထိုင်သာဖြစ်နေသည့်အခြေအနေထဲမှာကိုပင် ပျော်ရွှင်မှုဆိုသည့်ခံစားချက်လေးအား ခံစားမိနေပါတော့သည်။
ဝိန်းရိဖန်က စကားဦးချီလိုက်၏။
"နင် ဘယ်အချိန်တုန်းက အမြန်ရထားလက်မှတ်ဝယ်လိုက်တာလဲ?"
"အမ်?"
"ငါ မနေ့တုန်းက ဒီနေ့အတွက်ရထားလက်မှတ်ဝယ်ပြီးတော့ အိမ်ပြန်လာ..."
ဝိန်းရိဖန်က တစ်ခဏရပ်လိုက်ပြီးမှဆက်၍
"နင့်မွေးနေ့အမီပြန်လာဖို့ စဥ်းစားထားတာ..ဒါပေမယ့် လက်မှတ်တွေအားလုံး ကုန်နေပြီ"
Advertisement
စန်းရန်က ဖုန်းကိုချထားလိုက်ပြီး ဖြေးဖြေးချင်းစကားဆိုလိုက်သည်။
"အရင်တစ်ပတ်ကတည်းက"
"နင် အရင်တစ်ပတ်တုန်းက ငါ ဒီနေ့ပြန်မလာနိုင်မှန်း ကြိုသိနေလို့လား?"
"မသိပါဘူး..ဒီအတိုင်း ဝယ်ထားတာ..လက်မှတ်က အသုံးမလိုရင်လည်း ပြန်အမ်းပေးနေတာပဲမလား"
ဝိန်းရိဖန်က တမြုံ့မြုံ့ဝါးရင်း တစ်ခဏရပ်သွားခဲ့ကာ တော်တော်လေးကြာသွားပြီးမှ မျိုချလိုက်၍
"နောက်ဆိုရင် ငါလည်း အဲ့လိုမျိုးလုပ်ထားတော့မယ်"
"...."
စန်းရန်က သုံးလေးကြိမ်ခန့် အသံထွက်အောင်ရယ်လိုက်၏။
ဝိန်းရိဖန်က ပန်းသီးကိုသာ ဆက်စားနေလေ၏။ သို့သော် ပန်းသီးတစ်လုံးအား တတ်နိုင်သမျှအချိန်ဆွဲ၍ စားနေခဲ့ပါသော်လည်း ဘယ်လောက်မှသိပ်မကြာလိုက်ချေ။ နောက်ဆုံးတစ်ကိုက်စာ ကုန်သွားပြီးနောက်တွင်တော့ နှေးတုံ့တုံ့ဖြင့်
"ဒါဆို ငါ သွားတော့မယ်နော်"
စန်းရန်ထံမှ 'အင်း' ဆိုသည့်အသံတစ်ခု။
ဝိန်းရိဖန် ;
"ငါတို့ မနက်ဖြန်ကျရင် မနက်ရှစ်နာရီဆို စထွက်မှာမလို့ နင် ဒီနေ့ည စောစောအိပ်လိုက်နော်"
စန်းရန် ;
"အင်း"
ပန်းသီးအူတိုင်အား အမှိုက်ပုံးထဲသို့ ထည့်လိုက်ပြီး ဝိန်းရိဖန်က မတ်တပ်ထရပ်ကာ သုံးလေးလှမ်းလှမ်းပြီးနောက်တွင် တစ်စုံတစ်ရာကျန်နေသေးကြောင်း သတိရလိုက်၍ နောက်ပြန်လှည့်ကြည့်လာခဲ့သည်။
"စန်းရန်"
စန်းရန်က သူမ၏အနောက်မှ ကပ်လိုက်လာခြင်း။
"ဘာလဲ?"
ဝိန်းရိဖန်က သူနှင့်အကြည့်ချင်းဆုံလိုက်ပြီး တလေးတနက်ဖြင့်
"မွေးနေ့မှာ ပျော်ရွှင်ပါစေ"
စန်းရန် ပြုံးပြလာခဲ့သည်။
"နင့်မွေးနေ့ဆုတောင်းက ဘာလဲ?"
"မပြောပြတော့ဘူး"
ဝိန်းရိဖန် ;
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့.."
စန်းရန်က လက်တစ်ဖက်ကိုမြှောက်လာကာ ဝိန်းရိဖန်၏ခေါင်းအား ဖွဖွလေးပုတ်လိုက်ရင်း တလေးတနက်လည်းနိုင်လှသလို တဖန် စကားအဖြစ်ပြောပြနေသည့်ပုံစံမျိုးဖြင့်
"ဆုတောင်းက ပြည့်သွားပြီးပြီမလို့"
သူမ၏အခန်းထဲသို့ ပြန်ရောက်လာပြီးသည့်အချိန်တွင် ဝိန်းရိဖန်က အိပ်ရာ ခန္ဓာကိုယ်တစ်ပိုင်းလှဲချပစ်လိုက်သည်။ လေဟာပြင်ကြီးအား စိတ်လွတ်နေသည့်အလား ငေးစိုက်ကြည့်နေမိကာ တစ်ခဏအကြာတွင် ဘေးနားမှာခေါင်းအုံးကိုဆွဲယူကာ အိပ်ရာထက် လူးလိမ့်နေပါတော့၏။
တစ်ညလုံးထိန်းထားခဲ့ရသည့်စိတ်ခံစားချက်က တစ်ကိုယ်တည်းရှိသည့်အချိန်တွင်မှ အပြည့်အဝလွတ်ထွက်လာပုံလည်း ရသည်။
ဝိန်းရိဖန်၏မျက်လုံးများက တပျိုးပျိုးလင်းလက်တောက်ပနေကာ တရိပ်ရိပ်နှင့်လေပေါ်မြှောက်တက်လာသည့်ခံစားချက်ကို မထိန်းချုပ်တော့သည့်အသွင်ဖြင့် ခေါင်းအုံးအား မျက်နှာထက် အပ်ထားမိလေတော့၏။ ခံစားချက်များတည်ငြိမ်စပြုလာသည့်အခါတွင်မှ အိတ်ကပ်ထဲမှဖုန်းကိုထုတ်ပြီး မဖတ်ရသေးသောမက်ဆေ့များကို ဖွင့်ကြည့်လိုက်သည်။
မျက်တောင်တစ်ဖျက်ခတ်စာအတွင်း တွေ့လိုက်သည်မှာ ကျုံးစစ်ချောင်ပို့ထားသည့် မက်ဆေ့တသီတသန်း။
[ /ဓါတ်ပုံ ]
[ ငါလခွမ်း..စန်းရန် တင်ထားတဲ့ ပို့စ် ]
[ သူ့မှာရည်းစားရှိသွားပြီလား ]
[ ဘယ်သူလဲဆိုတာ နင်သိလား ! ! ! ]
[ နင် သူနဲ့ အတူတူဆက်နေဦးမှာလား..သူ့ကောင်မလေး သိသွားတဲ့အချိန်ကျရင် ပြဿနာတက်မယ်နော်..နင် အခွင့်အရေးရှာပြီး သူ့ကို အိမ်ပြောင်းဖို့ ပြောကြည့်ကြည့်ဦး ]
ဝိန်းရိဖန်က ရုတ်တရက်ဖြစ်သည့်အတွက် ကြောင်အမ်းနေရင်း ပို့ထားသည့်ဓါတ်ပုံအား ဖွင့်ကြည့်လိုက်၏။
စန်းရန် တင်ထားသည့်ပို့စ်အား ကျုံးစစ်ချောင်က Screenshot ရိုက်လာခြင်းဖြစ်သည်။
သူက ပုံတစ်ပုံတည်းသာ တင်ထားပြီး မည်သည့်စာသားမျိုးမှမပါ။
ဓါတ်ပုံမှာ ဝိန်းရိဖန် သူ့အတွက်မှာထားပေးသည့် မွေးနေ့ကိတ် ၊ အပေါ်တွင် ကိတ်မုန့်ဆိုင်အား အထူးတလည်ရေးပေးရန်မှာထားခဲ့သည့် စာလုံးများ 'စန်းရန် မွေးနေ့မှာပျော်ရွှင်ပါစေ'။
စန်းရန်၏ ဓါတ်ပုံရိုက်သည့်စကေးက သိပ်မကောင်းလှ ၊ ဤဓါတ်ပုံသည်ပင် ပြီးစလွယ်ရိုက်ထားသည့်ပုံစံမျိုးဖြစ်ကာ နည်းနည်းလေးဝါးနေလေသည်။
ကျုံးစစ်ချောင် နှင့် စန်းရန်တို့က Mutual friend ခပ်များများရှိပုံရကာ Screenshot ထဲတွင် အောက်ဘက်တွင်ရေးထားကြသည့် Comments များပါ ပါလာခဲ့သည်။ အများစုမှာ မွေးနေ့အတွက်ဆုတောင်းပေးကြခြင်းဖြစ်ပြီး စန်းရန်၏လုပ်ရပ်ကြောင့် ဝေဖန်နေသည့်မှတ်ချက်များလည်း မနည်းမနောပါပေ။
[ ? ]
[ အကောင့် Hack ခံထားရတာလား ]
[ ငါ့အရင်တစ်ခေါက်မွေးနေ့တုန်းက ဒီသောက်ရူးကို သတိပေးတဲ့အချိန် ငါ့ကို ဘာပြောတယ်မှတ်လဲ..ယောက်ျားရင့်မာကြီးဖြစ်ပြီး ဘာကိစ္စနဲ့မွေးနေ့လုပ်မှာလဲတဲ့! ! !..ပြီးတော့ ပြောသေးတယ်..ငါက သောက်ပိုကိုလုပ်တယ်တဲ့ ]
[ ပုံမှန်ရော ဟုတ်ရဲ့လား ok ? .. ဘယ်သူမှ Care လုပ်မနေဘူး! ]
အောက်ဆုံးတွင်...
စန်းရန်က တစ်ပုံစံတည်း စာပြန်ထားလေ၏။
[ အားနာလိုက်တာ..ကောင်မလေးက တင်ခိုင်းလို့ ]
-------
ဝိန်းရိဖန် ဓါတ်ပုံကြည့်နေသည့်နေရာမှ ပြန်ထွက်လာခဲ့လိုက်၏။ သူမအနေဖြင့် ယခုလိုလုပ်ပေးရန် မတောင်းဆိုထားပါချေ။ သို့သော်လည်း စန်းရန်၏ပို့စ်ကို မြင်လိုက်ရသည့်အခါ အခုလေးတင် ငြိမ်ကျထားသည့်ခံစားချက်များက တဖန်ထိုးထွက်လာပြန်ပါတော့သည်။
ဝိန်းရိဖန်က မျက်တောင်များခတ်ရင်း ကျုံးစစ်ချောင်ထဲ စာပြန်လိုက်၏။
[ မဖြစ်လောက်ဘူး ထင်တာပဲ ]
ဝိန်းရိဖန် ; [ သူ့ကောင်မလေးက ငါ ]
ဤဝါကျစာကြောင်းကိုရိုက်ပြီးနောက် ဝိန်းရိဖန်က စူးစိုက်ကြည့်နေရင်း နှုတ်ခမ်းပါးကလည်း ကွေးပြီးပြုံးနေမိခဲ့သည်။ ပေးပို့သည့်နေရာကို နှိပ်ပြီးနောက် ချန်ဝေ့ဟွာ၏မက်ဆေ့ဘောက်ထဲဝင်ကာ မနက်ဖြန်တွင် သူမ၏အသိတစ်ယောက်ကိုပါ အတူတူခေါ်သွားမည့်အကြောင်း အကြောင်းကြားလိုက်သည်။
ချန်ဝေ့ဟွာက စကားပြော၍ကောင်းလွန်းသူဖြစ်ပြီး ချက်ချင်းသဘောတူပေးလိုက်၏။
[ ရတယ် ]
ဤမက်ဆေ့ပြန်စာကို လက်ခံရရှိသည်နှင့်တပြိုင်နက် ဝိန်းရိဖန်၏ Wechat လည်း ဝုန်းဒိုင်းကျဲပါလေရော့၏။
ဟုတ်ပါ၏ ၊ ကျုံးစစ်ချောင်၏ မက်ဆေ့များ ပေါက်ကွဲထွက်လာသံပင်။
[ ? ]
[ ? ? ? ]
[ ? ? ? ? ? ? ]
Advertisement
ဤကိစ္စနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်သည် ကျုံးစစ်ချောင်အား တစ်ခွန်းတစ်လေမှမပြောပြထားသည့်အတွက် အနည်းငယ်လည်းရှက်မိကာ စိတ်မသိုးမသန့်လည်းဖြစ်ရင်း စာပြန်လိုက်၏။
[ အခြေအနေကတော့ ဒီလိုပဲ ]
ဝိန်းရိဖန် ; [ ခုဏလေးကမှ ဆက်ဆံရေးကို အတည်ပြုထားတာ ]
ကျုံးစစ်ချောင် ; [ နင် အရင်က ငါ့ကို ပြောပြတုန်းကကျတော့ နင်တို့နှစ်ယောက်! လုံးဝမဖြစ်နိုင်ပါဘူးဆို! ]
ဝိန်းရိဖန်က သည်လိုစကားမျိုးပြောခဲ့သည် ဟုတ်မဟုတ်ကိုပင် သတိမရပါတော့ပေ။
[ ပြောခဲ့တာလား? ]
ကျုံးစစ်ချောင် ; [ သေချာပေါက် ပြောခဲ့တာပေါ့ဟဲ့! ]
ကျုံးစစ်ချောင် ; [ အတိအကျတော့မဟုတ်ပေမယ့် အဲ့လိုအဓိပ္ပါယ်နဲ့ပဲပြောခဲ့တာ! ]
ဝိန်းရိဖန် ; [ အို့.....]
ဝိန်းရိဖန် ; [ အဲ့ဒါဆိုလည်း ငါ ]
ဝိန်းရိဖန် ; [ မသိလို့ ပြောမိသွားတာနေမှာ ]
ကျုံးစစ်ချောင် ; [ .... ]
ကျုံးစစ်ချောင် ; [ ? ]
-------
နောက်တစ်နေ့တွင်။
ဝိန်းရိဖန်က ပစ္စည်းများထုတ်ပိုးပြီးနောက် စန်းရန်၏အခန်းရှေ့သို့ရောက်လာခဲ့သည်။ သူ့ကိုမြင်လိုက်ရသည့်အခါ သူမ၏စိတ်ထဲ လက်ရှိအခြေအနေအား မယုံကြည်ရဲသေးသည့်ခံစားချက်တို့ရှိနေသေးကာ နွေးနွေးထွေးထွေးဖြင့်စကားဆိုလိုက်၏။
"ငါတို့ အောက်ထပ်မှာမနက်စာစားပြီးရင် စထွက်တော့မှာ"
စန်းရန်က အိပ်မှုန်စုံမွှား 'အင်း' ဟု အသံပြုလာခဲ့သည်။
ဝိန်းရိဖန်သည် သူ့အား နောက်ထပ်တစ်ခါလှမ်းကြည့်မိလိုက်ပြီး စကားတော့မဆို ၊ နောက်တွင် စန်းရန်ကိုခေါ်ကာ ချန်ဝေ့ဟွာနှင့်မုချန်ယွင်၏အခန်းရှေ့ ရောက်လာခဲ့သည်။
သိပ်မကြာလိုက်ပါဘဲ အခြားနှစ်ယောက်သည်လည်း အခန်းထဲမှထွက်လာခဲ့ကြသည်။
လေးယောက်စလုံးမှာ အရင်ကတွေ့ဆုံဖူးကြသည့်သူများသာ။ ချန်ဝေ့ဟွာက စန်းရန်၏အိမ် မီးမတော်တဆဖြစ်သည့်အချိန်တွင် တစ်ခါတွေ့ဖူးကြသဖြင့် လက်ရှိ၌ စန်းရန်ကို တွေ့သည့်အခါ အထူးတလည်အံ့သြနေခြင်းမရှိဘဲ နှုတ်ဆက်စကားပင်ဆိုလိုက်သေးသည်။
"ပေယွီကို အလုပ်ကိစ္စနဲ့လာတာလား..လာလည်တာလား"
စန်းရန်က အမှန်အတိုင်းဖြေနေလေ၏။
"လူတစ်ယောက်ကို လာရှာတာ"
မုချန်ယွင်က စန်းရန်နှင့်ဝိန်းရိဖန်အား စူးစိုက်ကြည့်နေပါသော်လည်း စကားတော့မဆိုလာချေ။
လေးယောက်သား အောက်ထပ်သို့ဆင်းလာခဲ့ကြသည်။
ချန်ဝေ့ဟွာနှင့်ဝိန်းရိဖန်က အခန်းပြန်အပ်နေကြသည့်အချိန်
စန်းရန်နှင့်မုချန်ယွင်က တစ်ဖက်၌ ရပ်စောင့်နေကြ၏။
မိနစ်ဝက်နီးပါးရပ်ပြီးချိန်တွင်တော့ မုချန်ယွင်ကစပြီး အပြုံးလေးဖြင့်စကားဆိုလိုက်သည်။
"စီနီယာအစ်ကိုစန်း..အစ်ကို့အနေနဲ့ ရိဖန်ကျဲကို တွေ့ချင်နေတာကိုကျွန်တော်နားလည်ပေမယ့်လည်း..အစ်မ အလုပ်ခရီးထွက်နေတဲ့အချိန်မျိုးမှာ အစ်ကို လိုက်လာကြီးကတော့ သိပ်မသင့်တော်ဘူးထင်တယ်"
ဤစကားကိုကြားလိုက်သည့်အခါ စန်းရန်က ဘေးနားမှလူအား လှမ်းကြည့်လိုက်ပြီး အမူအရာမှာတော့ အေးအေးလူလူပင်။
"ရိဖန်ကျဲက သဘောအရမ်းကောင်းတော့ အစ်ကို့ကို စိတ်ဆိုးမှာမဟုတ်လောက်ဘူး..ဒါပေမယ့် အစ်ကို့ဘက်က အစ်မနေရာကိုတော့ ဝင်တွေးကြည့်ပေးသင့်တယ်လေ"
သူ ပြောသည့်စကားက ကျိုးကြောင်းသင့်သလိုခံစားမိလိုက်၍လည်း စန်းရန်က ဖြည်းဖြည်းချင်းဖြင့်
"အို့"
မုချန်ယွင်မှာမူ အရင်တစ်ခေါက် သူခံထားရသည့်အတွက် သည်တစ်ခေါက်တွင် မျက်နှာပြန်ဆယ်လိုခြင်းအလို့ငှာ သုံးလေးစက္ကန့်လောက်တိတ်နေပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်၏။
"အစ်ကို ဒီလိုပုံစံမျိုးနဲ့ လိုက်ပိုးပမ်းနေတာလား..လိုက်မရတာကို မထူးဆန်းမိတော့ဘူး"
အခန်းအပ်ပြီးနောက် ဝိန်းရိဖန်က အပ်ထားသည့်ပစ္စည်းများကိုပြန်ယူပြီး ချန်ဝေ့ဟွာနှင့်အတူ စန်းရန်နှင့်မုချန်ယွင်ရှိရာဆီသို့လျှောက်လာခဲ့သည်။
ထိုနှစ်ယောက်ကြားတွင် သုံးလေးမီတာသာ အကွာအဝေးရှိပြီး လက်ရှိ၌ စကားပြောနေကြခြင်း။ စန်းရန်က မုချန်ယွင်ထက် အနည်းငယ်မျှအရပ်ပိုမြင့်ကာ ခန္ဓာကိုယ်အရပ်အမြင့်ဖြင့်သာမက ထုတ်လွှတ်နေသည့်အရောင်အဝါများကပါ တစ်ဖက်လူအား လုံးဝ လွှမ်းမိုးနေလေသည်။ သူ့အမူအရာမှာ အေးအေးဆေးဆေးသာဖြစ်ပြီး တစ်ဖက်လူကိုလည်း အရေးလုပ်ပြီး ကြည့်မနေပါပေ။
တစ်ဖက်လူ၏စကားကိုလည်း နားရှိ၍သာ နားထောင်နေရသည့်အလား ပြုမူနေ၏။
စန်းရန်ပြောလိုက်သည့်စကားအား ဝိန်းရိဖန် ခပ်ရေးရေးလေးကြားလိုက်ရသည်မှာ ;
"အဲ့စည်းကို ကျော်သွားတာဖြင့် ကြာလှပြီ"
သူ့ဘေးနားတွင်ရပ်နေသည့် မုချန်ယွင်မှာ ဆွံအကြောင်အမ်းသွားသည့်ပုံ။
စက္ကန့်ပိုင်းကြာပြီးနောက်။
"ငါတို့နှစ်ယောက်က အခု..."
ဤအထိစကားဆိုလိုက်ပြီးနောက် စန်းရန်၏မျက်တောင်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ သူမရှိရာဘက်သို့လှမ်းကြည့်ပြီး မျက်ဝန်းချင်းဆုံစေလိုက်သည်။ တစ်ခုခုကိုတွေးနေပုံရသည့်သူက သူ့နှုတ်ခမ်းပါးကို ကွေး၍ပြုံးပြလာရင်း စကားလုံးများအား တစ်လုံးချင်းစီ ထုတ်ပြောလာလေတော့၏။
" နှစ်ဦး , နှစ်ဖက် , မေတ္တာ , မျှနေတာ "
"...."
"နှစ်ဦးနှစ်ဖက် မေတ္တာမျှတာ"
စန်းရန်က နောက်တစ်ကြိမ်ထပ်၍ ပြောလိုက်ပြီး မထီမဲ့မြင်ပြု၍
"ဒီစကားလုံးကို ကြားဖူးလား?"
"...."
ချန်ဝေ့ဟွာက အရှေ့မှအခြေအနေကိုလည်း မသိလိုက်သလို သူတို့ပြောနေသည့်အကြောင်းကိုလည်း နားမလည် ၊ လူငယ်ချင်း စကားစမြည်ပြောနေကြသည်ဟုသာ ထင်မှတ်ပြီး သူတို့၏စကားဝိုင်းထဲသို့ ဝင်မပါပေ။
သို့သော် ဝိန်းရိဖန်ကမူ သူမ၏ပါးစပ်မှထွက်ထားသည့် ထိုစကားလုံးကို ရှင်းရှင်းလင်းလင်းနားလည်နေသည့်အပြင် ထိုစကားလုံးပြောထားခဲ့သည်မှာ အချိန်တစ်ရက်စာပင် မပြည့်သေးချေ။
သည့်ထက်အပြင် စန်းရန်က ထိုစကားလုံးအား သူမကို စိုက်ကြည့်၍ ပြောနေခြင်း။
ဤအချိန် ဤအခိုက်အတန့်တွင် ဝိန်းရိဖန် မဆီမဆိုင်ခံစားမိလိုက်သည်မှာ စန်းရန်က ထိုစကားလုံးအား သူမကြားအောင်ပြောလိုက်ခြင်း ဟူ၍ပင်။ ထို့အပြင် မနေ့ညတုန်းက သူမ ထိုစကားလုံးကိုပြောလိုက်သည့်အချိန် စန်းရန်ကအချိန်ကြာကြာ ရယ်နေခဲ့သေးသည်လည်း မဟုတ်လား။
သူမဘက်က ထိုစကားလုံးကို တလေးတနက်ဖြင့်ပြောနေသည့်အချိန်တွင် သူ့အမြင်ထဲ၌ အရူးနှင့်တူနေသလိုလို ခံစားနေမိခြင်းကြောင့် ဖြစ်ပါလိမ့်မည်။
ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့မိရင်း အနည်းငယ်ရှက်လာမိတော့သည်။
မတတ်နိုင်ပါချေ ၊ သူမမှ အတွေ့အကြုံမရှိခဲ့လေ။
ဤကိစ္စမျိုးက များသောအားဖြင့် အခမ်းအနားလုပ် ၊ ကြေညာပြလိုက်သင့်သည့်အခြေအနေဖြစ်သော်ငြား လက်ထပ်မှတ်ပုံတင်လိုက်သည့်ကိစ္စကဲ့သို့ တရားဝင်လည်းမဟုတ်ပြန်။ ထို့ကြောင့် လက်ဆုတ်လက်ကိုင်ပြစရာသက်သေမရှိသည့်အချိန်တွင် ကြေညာသည့်ကိစ္စအတွက် စကားလုံးကိုသာ အသုံးချရတော့မည်။
ထို့မှသာ သမီးရည်းစားဆက်ဆံရေးကို အများသိအောင် တရားဝင်လုပ်ပြနိုင်ပေမည်။
ဝိန်းရိဖန်တို့ရောက်လာခြင်းကြောင့် စန်းရန်နှင့်မုချန်ယွင်လည်း စကားစပြတ်သွားခဲ့၏။
ဝိန်းရိဖန်က တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စန်းရန်၏ဘေးနားသို့ လျှောက်သွားလိုက်သည်။
နှစ်ယောက်သားက အနောက်ဘက်၌ နေရာယူလျှောက်နေခြင်းဖြစ်ပြီး သိပ်မကြာလိုက်ခင်ပင် စန်းရန်၏လက်ချောင်းထိပ်များက သူမ၏လက်ချောင်းများကို အသာအယာလေးထိတွေ့လိုက်ကြောင်း ဝိန်းရိဖန် ခံစားမိလိုက်တော့၏။ တစ်ချက်ကလေး ထိတွေ့သွားခြင်းပင်ဖြစ်ပြီး ခွန်အားမှာ မပျော့လွန်း မပြင်းလွန်းနှင့် အနည်းငယ် ယားကျိသွားသည့်အထိအတွေ့။
ဝိန်းရိဖန် အလိုလိုခေါင်းမော့မိလိုက်ပြီး သူ့ဘေးတစောင်းမျက်နှာအား လှမ်းကြည့်လိုက်သည်။
စန်းရန်၏မျက်တောင်များဟာ အောက်သို့လွှာချထားရင်း မထီမဲ့မြင်ပြုနေသည့်အပြုံးတစ်ခုဖြင့် သူမထံသို့ ငုံ့ကြည့်နေလေ၏။ ခန္ဓာကိုယ်ကို ခပ်လျော့လျော့ကိုင်းလိုက်ပြီး သူမ၏နားရွက်ဖျားနားထိ တိုးကပ်လာကာ တိုးဖျဖျအသံတစ်ခုဖြင့်
"မင်းရော..ကြားဖူးလား"
(T/N ; ခွေးစာကို မထိတထိစားလိုက်ရတာက စန်းရန်ရဲ့ Wechat ထဲက သူငယ်ချင်းတွေ..
ပထမဆုံး ကွက်ကွက်ကွင်းကွင်းလေး စားလိုက်ရတာတော့ မုချန်ယွင် ပါပဲ 😂
နောက်ကျ ကိုယ်တွေအလှည့် 👍 )
--------
(Zawgyi)
"...."
Advertisement
- In Serial67 Chapters
I Fell For My Nemesis
Cake artist by day, villain by night! Avery West is a woman on a mission to take down the conglomerate run by the man that killed her father. The problem? She might be in love with Mercury, the dashing hero trying to stop her. Juggling her feelings and her goal is no cakewalk but she is determined that her revenge will be sweet!
8 300 - In Serial238 Chapters
His Devious Harbinger: How To Tame A Wicked God?
Explore the story of a reborn woman who unleashes the Dark God and hilariously tries to tame him into her younger brother. A modern woman is transmigrated to a young girl's body in the wor...
8 661 - In Serial7 Chapters
Coming Back Home
The night she comes back from her best friend's apartment after finding out her boyfriend is married, she meets a huge man sleeping on the snow in her backyard. 23-year old Charlie Jordan doesn't know what to do. After so many calls and studying, she finds out the man—Blurin Jameson— is an ex-militant whose address got mixed up on deployment day. It takes Charlie 419 Days to realize how her heart beats faster when ever they're near or when his eyes lights up... Or how she completes his amount of ribs.
8 138 - In Serial40 Chapters
Devil's Eyes
You've got the devil in your eyesYou went and took me by surpriseSay what you wanna say I won't go backIf you wanna hit the road then let's go thenLet's just go and see the world and just show themWhat it really means to live life goldenIn which Sage Baglio meets the notorious Dave East, self proclaimed King of New York, and enters his world, one opposite from hers.
8 89 - In Serial41 Chapters
Subway Cars & Lonely Hearts
in which a college student accidentally leaves her journal on the subway and a hollywood star contacts the number inside.
8 154 - In Serial91 Chapters
Ballad Of Love
❝ find what you love and let it kill you.❞ ~collection of short stories
8 280

